Friday, 25 September 2009

တစ်ဆယ့်သုံး


Queens Park, Loughborough, Leicestershire
Sep 2009


ဘာမှ မကြာလိုက်သလိုပဲ ..
ဆယ့်သုံးလ ဆိုတဲ့ အချိန်က ခဏလေးနဲ့ ကုန်သွားတယ်

ဒီမြို့လေးကို မနှစ်က late summer bank holiday မှာ အိပ်နှစ်လုံး လက်ကိုင်အိတ်တစ်လုံး ဝက်ရုပ်လေးတစ်ရုပ် နဲ့ ညနေစောင်းကြီး ရောက်လာတယ်
အသိအကျွမ်းရယ်လို့ လုံးဝမရှိခဲ့ဘူး ..
အနီးဆုံး(တစ်ဦးတည်းသော)သူငယ်ချင်းက အထုပ်ထမ်းလိုက်ပို့ပြီး london ကို ပြန်ဆင်းသွားတယ်
ကျောင်းပိတ်ရက်မို့ ခြောက်သွေ့နေတဲ့ town centre ကို ကြည့်ပြီး အားပေးတာက
"နင်တော့ တစ်ပါတ်တောင် ခံမှာမဟုတ်ဘူး"တဲ့
(တကယ်တမ်း ဈေးနေ့တွေမှာဆို မြို့လယ်မှာ ဆိုင်တွေ လူတွေနဲ့ ရှုပ်ယှက်ခတ်နေတတ်တယ်)

အဲ့ဒီတုန်းက မြို့လေးရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ Sock man ကိုတောင် သတိမထားလိုက်မိဘူး



အိမ်ရှာဖို့ .. bank account ဖွင့်ဖို့ .. အားလုံးသော ကိစ္စတွေအတွက် တစ်ပါတ်ကြိုပြီး လာခဲ့တော့
ဟိုတယ်မှာ နေနေရတဲ့ အဲ့ဒီ တစ်ပါတ်အတွင်း ပန်းခြံထဲထိုင်ပြီး fish & chips တွေပဲ စားမိတယ်
(ကြိုက်လားဆိုတော့.. ဟင့်အင်း.. မကြိုက်ပါဘူး)
ဆိုင်ရှင်ကိုလဲ ဘယ် phonecard ကောင်းလဲ မေးဖူးတယ်.. သူကလဲ စိတ်လိုလက်ရဖြေပေးဖူးတယ်
ဘာသုံးရမှန်းမသိတော့ စမ်းရင်းနဲ့ပဲ .. ဖုန်းဆက်တာချည်း တစ်ပါတ်ထဲနဲ့ ပေါင် ၅၀ ကျော် ကုန်သွားတယ်
ကွိကွိ



ကံကောင်းစွာပဲ ကိစ္စဝိတ်စတွေက နှစ်ရက်လောက်နဲ့တင် အဆင်ပြေသွားတယ်
... သိပ်အဆင်မပြေတာကတော့ ရာသီဥတု.. အမြင်ကပ်စရာကောင်းအောင် ပြောင်းလဲနိုင်ပါတယ်
ရုံးသွားဖို့ ပြင်နေတုန်း နေက ပူနေတယ်.. ခြံထိပ်ရောက်ရင် မိုးရွာချတယ်
ငါးမိနစ်နေတော့တိတ်.. နောက်နှစ်မိနစ်နေတော့ မိုးသီးတွေရွာတယ်
လူဆိုရင် ဆွဲထိုးမိမှာ.. မင်းငြိမ်ငြိမ်မနေနိုင်ဘူးလား ဆိုပြီး..
မိုးလေဝသက လူတွေတောင် သနားမိပါရဲ့.. လူတွေက မှန်အောင် မပြောနိုင်ဘူးလို့ အပြစ်ပြောကြလွန်းလို့


အပြောင်းအလဲ

တကယ်တော့ ပကာသနနည်းတဲ့ .. .. စင်္ကာပူနဲ့ အကွာကြီးကွာတဲ့.. ဒီမြို့လေးက ချစ်ဖို့ကောင်းပါတယ်
ဟိုဘက်စွန်းနဲ့ ဒီဘက်စွန်းကို တစ်နာရီကျော်ပဲ လမ်းလျှောက်ရအောင် ကျယ်တဲ့မြို့လေးမှာ ရှိုးများတဲ့လူလဲ သိပ်မရှိဘူး
ရုံးသွားရင် ဂျင်းဘောင်းဘီ နဲ့ ကျောပိုးအိတ်နဲ့ (မကိုင်တာ တက္ကသိုလ်စတက်ထဲကပေါ့) စက်ဘီးစီးသွားရတာ အရမ်းပေါ့ပါးတယ်

အရင်က ဒေါက်ဖိနပ်နဲ့ ပြေးခဲ့လွှားခဲ့ရတာ ဒီမှာတော့ လမ်းလျှောက်ရလွန်းလို့ sneakers ပဲ စီးဖြစ်တယ်
တော်ရုံတန်ရုံအပြင်သွားရင်လဲ အားကစားဝတ်စုံလိုပဲ ဝတ်ဖြစ်တယ်.. လမ်းလျှောက်ရလွန်းတော့ ရှိုးများချင်စိတ်လဲ မရှိဘူး

စစချင်းတော့ အလုပ်ရှုပ်တယ်.. တနေ့တနေ့ ရုံးကို အသွားအပြန်တစ်နာရီကျော်လမ်းလျှောက်
ခဲနေတဲ့ အသားကို အရည်ပျော်အောင်လုပ်.. ထမင်းချက်ဟင်းချက်.. ဆေးကြော..
တရုတ်ကားကြည့် (တရုတ်စကားမေ့မှာ စိုးလို့ပါ.. ဟိ)..
၁၀နာရီ အပြီးလုပ်ပြီး အိပ်ရာဝင်ရတယ် (ဘာလို့လဲ ဆိုတော့ အထက်က အမိန့်ပါ)
စနေဆို ဈေးသွား.. ဈေးထဲမှာ တမနက်ကုန်တယ်

မလယ်တာက အိမ်မှာလိုပဲ ဆန်အိတ်ကို 5kg ဝယ်ပြီး ကုန်းတက်ကြီးကို နာရီဝက် လေ့ဆယ့်ငါးမိနစ် လမ်းလျှောက်ပြန်တယ်
(1kg အထုပ်သေးလေးတွေ ရောင်းတာမသိဘူး ၊ အခုတော့လဲ အကျင့်ပါသွားတော့ အိပ်အကြီးပဲ ဝယ်ဖြစ်တယ်)
အမျှော်ကြီးမျှော်ရတဲ့ ဘတ်စကားကို စိတ်မရှည်လို့ ခရီးသွားမှပဲ အထုတ်အပိုးတွေနဲ့မို့ စီးဖြစ်တယ်
အရင်ထဲက လမ်းသိပ်လျှောက်ချင်တဲ့သူဆိုတော့လဲ ကိုက်ပါတယ်..
စနေတနင်္ဂနွေတွေဆို တွေးချင်ရာတွေး ငေးချင်ရာငေးပြီး မြို့ပတ်တယ် .. canal ဘေး လျှောက်တယ်



အစတုန်းက ဝယ်လို့ရတဲ့ ဆန်တွေက အဆင်မပြေဘူး.. ကုလားဆန်ကျတော့လဲ ထောပတ်နဲ့ချက်ရမှာမို့ အမြဲမစားနိုင်ဘူး
တောသူမ ဆိုတော့ ထမင်းမစားရပဲလဲ မနေနိုင်.. ဆန်ကလဲ မကောင်း.. လမ်းလျှောက်ရတာလဲများ.. အေးကလဲအေး..
အဲ့ဒါနဲ့ ၁၀ပေါင်လောက်ကျသွားတယ်.. ဆရာကတောင် အလုပ်တွေပင်ပန်းလို့လား မေးရတဲ့ အထိ ပိန်ကျသွားတာ
လူတွေက သေးတယ်လာပြောရင် တင်းလိုက်တာ.. တမင်တကာလုပ်တာမှ မဟုတ်ပဲကို

christmas မှာ လာလယ်တဲ့ အမေနဲ့အဖေက သနားတာပေါ့ .. ဟင်းတွေချက်ကျွေးရှာတယ်..အဟတ်
မေမေ့ကို အကျီတွေလဲ မှာသေးတယ်.. ဒီမှာ ကိုယ်နဲ့ တော်တဲ့ အကျီတွေက လိပ်ပြာပုံလေးတွေ ကြယ်ပုံလေးတွေ ပါနေလို့

အဲ့ဒီတုန်းက နှစ်ယောက်စာချက်တယ်.. အိမ်ရှင်အတွက်ရောပေါ့
သူက အာရှစာကြိုက်တယ်.. ကြက်ဥဟင်း လက်ဖက်သုပ် ဂျင်းသုပ် ဒံပေါက် မုန့်ဟင်းခါးသုပ် အုန်းနို့ခေါက်ဆွဲ
ချက်ပေးသမျ တရုတ်စာ ယိုးဒယားစာ.. အကုန်ကြိုက်
သူက စားနိုင်တော့ ကိုယ့်လေးနပ်စာက နှစ်ယောက် တစ်နပ်နဲ့ ကုန်ပါရော
နောက်တော့လဲ သူ ဝတာ ကိုယ်တရားခံဖြစ်လာတော့ သူ့ကို မချက်ပေးတော့ဘူး
(အဲ့တော့ ကိုယ့်အတွက်လဲ နောက်နေ့စာကျန်တာပေါ့.. အဟတ်)



my စက်ဘီးလေး

နောက်တော့ အိမ်ရှင့်သူငယ်ချင်းဆီက စက်ဘီးဟောင်းလေးဝယ်တယ် .. ရောင်းတဲ့လူက ဝလာလို့ ခုံနဲ့လူနဲ့ မဆန့်တော့လို့ တဲ့
စစီးစီးချင်းနေ့မှာ မိုးရွာထဲ ကုန်းအဆင်းကြီး နောက်ဘီးက မူလီချောင်လို့လည်ပြီး brakeနဲ့ညပ်သွားလို့ ဂျွမ်းပစ်သွားတယ် ..
အဲ့ဒီစက္ကန့်ပိုင်းလေးအတွင်းမှာ ငါတော့ ဇက်ကျိုးတော့မှာပဲ လို့ တွေးမိသေးတယ် .. ကံကောင်းစွာ ဘာမှမဖြစ်ဘူး
နောက်ဘီးက လုံးဝမလည်တော့တာ... department အထိ ချီသွားရတယ်
ငါအင်ဂျီနီယာပဲ ဆိုပြီး သူငယ်ချင်းမနဲ့ နှစ်ယောက်ကြိုးစားသေးတယ်.. မိုးရွာထဲမှာ.. ဘယ်လိုမှ မရဘူး
ရုံးဆင်းတော့မှ စက်ဘီးကို ချီပြီး ကျောင်းဝင်းထဲကဆိုင်မှာ ဘီးသွားပြန်တည့်ရတယ်..
ယောင်္ကျားနှစ်ယောက်အားနဲ့မှ ကိုရွှေဘီးက ပြန်တည့်လို့ရတော်မူတယ်
အပြန်မှာ campus security ဝင်ပြီး barcode tag လုပ်တယ်.. အသေအချာပဲ frame မှာ ကပ်ပေးလိုက်တာ

သုံးရက်လောက်နေတော့ ကုန်းတက်ကုန်းဆင်းတွေမှာ ဖုတ်လှိုက်ဖုတ်လှိုက်မဖြစ်တော့ဘူး.. လုပ်ဖော်ကိုင်ဖက်တွေကို ပတ်ကြွားတာပေါ့.. အဟား
ညနေကျတော့ အောက်ကိုလှမ်းအကြည့် ရုံးအောက်ထပ်မှာ ချည်ခဲ့တဲ့စက်ဘီးက ရုပ်ပျက်နေတယ်
မျက်စိမှားတာနေမှာပါဆိုပြီး အိမ်သာတွေဘာတွေ သွားလိုက်သေးတယ်.. အောက်ရောက်မှ ရှေ့ဘီးအခိုးခံရမှန်း သိတာ
အဲ့ဒီနေ့က security က ကားနဲ့ အိမ်ပြန်ရောက်သွားပါတယ်..ငိုမဲ့မဲ့ ပေါ့.. ရဲလဲ တိုင်ရတယ်.. ပြန်လဲ မရပါဘူး ဟွန်း
barcode က ဘီးပေါ်မှ မဟုတ်ပဲ .. သူခိုးက ဒီက ရှေ့ဘီးနဲ့ သူများစက်ဘီးရဲ့ နောက်ဘီးနဲ့ frame ဖြုတ်သွားတာ.. မှတ်လောက်သားလောက်ပဲ
campus security ကနေ department security အဲ့ဒီကနေ အားလုံးကို သတင်းပြန့်ကုန်တယ်..
မေ စက်ဘီးတစ်ဘီး ခိုးခံရတဲ့ အကြောင်း.. အသစ်ဆိုတော့ လူပိုဂရုစိုက်တာပေါ့
:(

စိတ်နာနာနဲ့ ပစ်ထားလိုက်တာ သုံးလေးလ.. သူငယ်ချင်းစက်ဘီးပေါက်လို့ တာရာလဲတော့မှ
ဇိကုပ်ပြီး အတင်းခေါ်လို့ ဘီးအစားဝယ်ဖြစ်တယ်
အင်း.. နောက်နှစ်လလောက်နေတော့ ကားရှောင်တာ လမ်းဘေးဝင်တိုက်ပြီး တော်တော်အီသွားတယ်.. စက်ဘီးရော လူရော
ဒီတစ်ခါတော့ ပိုဆိုးတယ်.. လက်က ပတ်တီးနဲ့ဆိုတော့ လူကုန် ကြော်ငြာသလိုပဲ..

ရတဲ့ အခွင့်အရေးကို မျက်နှာငယ်လေးနဲ့ လုပ်စားလိုက်တယ်
သိပ်ရစ်တဲ့ safety officer ကို ကိုယ့် experiment ကို ပြသနာမရှာအောင်လို့
အဟတ်.. နာရကျိုးနပ်တာပေါ့
နောက်လကျတော့ နောက်ဘီးက ပေါက်လို့ လဲလိုက်ရတယ်

ရှုစားပါ .. သိပ်အကျိုးမပေးတဲ့ .. ပိုက်ဆံအရမ်းဖြုန်းတဲ့ .. ခုတော့လဲ မရှိမဖြစ်တဲ့ စက်ဘီးလေး.. အမြင်ကပ်လို့ နာမည်ပေးမထားဘူး
(ကိုယ်ကြိုက်တဲ့ စက်ပစ္စည်းတွေအကုန်လုံး နာမည်ကိုယ်စီနဲ့ပါ.. ကွန်ပျူတာ ဖုန်း hard disk drive ဘာညာ)
နောက်မှာ ခုံပါပေမယ့် မိန်းမဆန်လွန်းလို့ ဖြုတ်လိုက်တယ်.. mud guard ဝယ်တပ်ထားပါတယ်



ရုံးရောက်ရင် ဒီနေရာလေးမှာပဲ ထားပါတယ်.. တရားမရှိဘူးပြောပြော ကလေးဆန်တယ်ပြောပြော
သူများဦးသွားရင် သိပ်မကျေနပ်ဘူး.. ဒါပေမယ့် အပျင်းထူတဲ့နေ့ဆိုရင်တော့ ရတဲ့နေရာပေါ့


my မိတ်ဆွေတွေ

ဒီမြို့လေးက သိပ်ဖော်ရွေပါတယ်
ဆံပင်ရှည်ကို ဖားလျားချပြီး (သို့) ကျစ်ဆံမြီးကျစ်ပြီး စက်ဘီးအမြန်စီးတတ်တော့ တွေ့သမျလူတွေကလဲ ကျောင်းသူခပ်ငယ်ငယ်ပဲ ထင်ပြီး ဝိုင်းစောင့်ရှောက်ကြတယ်
သွားလေရာမှာ တစိမ်းတွေနဲ့ စကားလက်ဆုံကျလို့ ရတယ်..
တစ်ယောက်တည်းရယ်ဆိုပေမယ့် နေရာတိုင်းမှာ စကားပြောလို့ ရတဲ့ လူတွေအမြဲ ရှိတယ်.. ပြောချင်ခဲ့မယ်ဆိုရင်ပေါ့

လမ်းမှာ စက်ဘီးကို လူတွေက ပြန်လမ်းဖယ်ပေးကြတယ်
စက်ဘီးမှောက်တော့ အဖွားကြီးတစ်ယောက်က လာထူတယ်.. အဖိုးကြီးတစ်ယောက်က သတင်းမေးတယ်
လမ်းတစ်ဖက်က အဆောက်အဦးကို ဓာတ်ပုံလှမ်းရိုက်တဲ့တခါက ဟိုဘက်လမ်းက ကားသမားက အရှိန်လျော့မောင်းပေးတယ်
လမ်းမှာ မိသားစုတွေ အပြန်အလှန်နှုတ်ဆက်ကြတာ မြင်ရင်.. ငယ်ငယ်က အဖေအမေနဲ့ အပြင်သွားကြတာ သတိရတယ်
ဒီမှာ နေရတာ မြန်မာပြည်မှာ ပြန်နေရသလိုပဲ

မြို့ငယ်လေးတွေရဲ့ စရိုက်အတိုင်း အခေါ်အဝေါ်က အစ နွေးထွေးတယ်
အဖိုးကြီးအဖွားကြီးတွေက my love, my dear, my dove တဲ့
အငှားကားမောင်းတဲ့ ကုလားအမျိုးသားတွေကတော့ my darling
ဆရာကတော့ စိတ်ကောင်းဝင်နေတဲ့အခါ hello gorgeous
ရုံးမှာ အမြဲ ဒုက္ခပေးရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကတော့ sweetheart တဲ့

အစက အသိအကျွမ်းလုံးဝမရှိတဲ့ ဒီမြို့မှာ အခုတော့ သူငယ်ချင်းကောင်းနှစ်ယောက်နဲ့
ဘောလုံးတစ်သင်းစာ မိန်းကလေးအပေါင်းအသင်းတွေ ရနေပါပြီ
သူငယ်ချင်းတစ်ယောက်အိမ်ကတော့ စားအိမ်သောက်အိမ်လို ဖြစ်နေပြီး...
ခွေးကအစ ကိုယ့်ကို မိသားစုလို သတ်မှတ်ထားပါတယ်
နောက်သူငယ်ချင်းလင်မယားကတော့ သွားလေရာ လိုက်ဦးမလား ခေါ်တယ်..
အားနာလို့ ခေါ်တိုင်းတော့ မလိုက်ဖြစ်ဘူး

မျက်နှာချင်းဆိုင်အိမ်က အဖိုးကြီးနဲ့ အဖွားကြီး လင်မယားကတော့ အကူအညီလိုရင် အချိန်မရွေးလို့ ပြောရှာတယ်.. သူတို့အိမ်ရှေ့မှာ ambulance တွေ့လို့ သတင်းသွားမေးရင်းကနေ ခင်နေပါတယ်
လာလာလည်တဲ့ အိမ်ရှင့်တူလေးကတော့ မောင်လေးတစ်ယောက်ပေါ့..
စီးပွားရေးတတ်နေတဲ့ သူ က အင်ဂျီနီယာအစ်မကို အထင်ကြီးစွာနဲ့ စာသင်ခိုင်းတတ်တယ်
assignment မတင်ခင် အင်္ဂလိပ်စာစစ်ပေး ပြင်ပေးပါလို့လဲ ချွဲတတ်တယ်


သွားနေကျ နေရာလေးတွေ

ဒီမြို့လေးမှာ နေရတာ တကယ်အေးချမ်းတယ်.. နေတဲ့နေရာကလဲ ဆိပ်ငြိမ်ရပ်ကွက်ဆိုတော့ အေးဆေးတယ်
(သိလို့ မဟုတ်ပါဘူး၊ ပထမဆုံးကြည့်တဲ့အိမ် အိမ်ရှင်နဲ့ အဆင်ပြေလို့ယူလိုက်တာ၊ အခန်းအားတဲ့အထိ ထမင်းစားခန်းမှာ နှစ်ပါတ်အိပ်ရသေးတယ်)

စနေနဲ့ ကြာသပတေးနှစ်ရက်ပဲ ခင်းတဲ့ ဈေးမှာ သားစိမ်းငါးစိမ်းကစ ကွန်ပျူတာပစ္စည်းထိ ရှိတယ်
ဈေးဝယ်နဲ့ ဈေးရောင်းသူတွေနဲ့ စကားလက်ဆုံကျနေတတ်တာ ပျော်ဖို့ကောင်းတယ်..
ပစ္စည်းတွေအလေးကြီးနဲ့ ပခုံးတွေတောင့်တဲ့ အထိ သူတို့ စကားပြတ်အောင် စောင့်ဖူးတယ်..
ဒါပေမယ့် အဲ့ဒီမြင်ကွင်းကို ကျေနပ်နေလို့ စိတ်ညစ်ဖို့ သတိမရခဲ့ဘူး
ဒီဈေးလေးမှာ ပန်းသီးအကြီးကြီးဆယ်လုံးကိုလဲ တစ်ပေါင်နဲ့ ရပါတယ်



ဒီလူဝဝကြီးက ကြက်ဥနဲ့ cheese ပြီးတော့ ကိတ်မုန့် သရေစာရောင်းတယ်
လူလာရင် သူ့ရှေ့မှာ ဖွင့်ထားတဲ့ မုန့်ဘူးကြီးထိုးပြီး ကျွေးလေ့ရှိပါတယ်
သူက ပြောတယ်.. သူ စင်္ကာပူရောက်တုန်းက ကိုယ်တောင်မမွေးသေးဘူးတဲ့
မဖြစ်နိုင်ဘူးဆိုတော့ ၁၉၇၂ ကတဲ့လေ..
O_o



ဒါကတော့ လမ်းထိပ်က စက်ဘီးဆိုင်
စက်ဘီးမှောက်ပြီးရောက်သွားတော့ လေထိုး brake စစ်တာကို အလကားလုပ်ပေးယုံမက ခေါင်းလောင်းပါအသစ်အလကားလဲပေးတာပါ
brake ချောင်တာလောက် လေထိုးတာလောက်ကို ဘယ်တော့မှ ပိုက်ဆံမယူဘူး



ဘေးကတော့ ရုံးမှာ အစည်းအဝေးလုပ်တိုင်း မှာစားဖြစ်တဲ့ Cooking Made Simple ..
pizza နဲ့ pasta အရမ်းကောင်းပါတယ်

မြို့လေးသေးပေမယ့် ဆိုင်တွေလဲ စုံတယ် (london က မြို့ကြီးသားသူငယ်ချင်းတောင် အသိအမှတ်ပြုရတယ်)
လမ်းထိပ်မှာတင် ကုလားဆိုင် ကောင်းကောင်းတစ်ဆိုင်ရှိတယ် (leicestershire က ကုလားအများဆုံး shire.. အဟတ်)



ပထမဆုံးနေ့က ညနေစာဝင်စားဖြစ်တဲ့.. သူငယ်ချင်းတွေ လာလည်တိုင်းလဲ အဝေးပြေးကားစောင့်ရင်း ထိုင်ဖြစ်တဲ့ ကားဂိတ်နားက pub



ယိုးဒယားစာ.. တရုတ်စာ နဲ့ ဂျပန်စာယောင်ယောင် ရတဲ့ မြို့လယ်က The Basin
ဘောလုံးအသင်းက မိန်းကလေးတွေနဲ့ ဒီမှာပဲ စုမိတယ်



စိတ်တွေလေးနေတဲ့ နေ့တွေမှာ မြို့ရဲ့ အနောက်ပိုင်းက ယာကွင်းတွေဆီ ကင်မရာတစ်လုံးနဲ့ တောလှည့်ဖြစ်တယ်
အဲ့ဒါတွေရဲ့ အနောက်ဖက်ကျတဲ့ တောအုပ်လေးနဲ့ တောင်ကုန်းလေးဆီလဲ အဖော်ကောင်းတိုင်း ရောက်ဖြစ်နေတယ်
ဘယ်လိုပဲ သဘာဝအလှကို နှစ်ခြိုက်လဲ စင်္ကာပူမှာ လူတွေ တရုန်းရုန်းနဲ့ ကြီးပြင်းလာတဲ့ သူ တစ်ယောက်အနေနဲ့
လူပြတ်တဲ့နေရာတွေကို တစ်ယောက်တည်းသွားဖို့တော့ သတ္တိမရှိတာအမှန်ပါပဲ

ခုလို နွေအကုန်နဲ့ ဆောင်းတွင်းကုန်စဆို နွားချေးနံ့က ရုံးခန်းထဲထိတောင် ရောက်လာတတ်တယ်..
အဟတ်
ဒီရက်ပိုင်းတွေမှာ အဆောင်ကူးတဲ့အခါ အသက်အောင့်ပြီး လမ်းလျှောက်ရတဲ့အထိ အနံ့ကပြင်းနေတယ်
ဒါပေမယ့်လဲ.. ပျိုးခင်းတွေကို တွေ့ရတဲ့အခါ ရင်ထဲမှာ အေးသွားတဲ့အရသာအတွက် နံရကျိုးနပ်ပါတယ်



ပြောရင်တော့ မကုန်ပါဘူး
A colleague always teases me that I'm in love with Loughborough
ချစ်ဖို့ကောင်းလို့ ချစ်တာပါ (ပြောတဲ့လူကတော့ အချိုးမပြေလို့ အနားကိုအကပ်မခံပါဘူး.. တီးမိမှာ စိုးလို့)



...


ခြေဆန့်ချင်တဲ့ .. လက်တွေ့ဆန်တဲ့ သူ တစ်ယောက်အတွက်.. ဒီမြို့လေးမှာ အလွန်ဆုံးနေဖြစ်ရင် နောက်နှစ်နှစ်ပါပဲ
အဲ့ဒါပြီးရင် အိမ်ပဲ ပြန်ဖြစ်မလား တခြားပဲ သွားဖြစ်မလားဆိုတာ မသေချာသေးဘူး..
ဒါပေမယ့် သေချာတာတစ်ခုက .. ဝေးနေတဲ့ အချိန်ကျရင်တော့ ဒီမြို့လေးကို သတိရနေမှာ...

19 comments:

နေဒေးသစ် said...

မြို့လေးက သေးသေးလေးဆိုပေမယ့် သပ်သပ်ရပ်ရပ်လေးနဲ့ နေချင်စရာလေး ...
အချစ်ဆုံးလူကို ပြောပါဆိုရင်တော့ မုန့်ဘူးကြီးထိုးပြီး ကျွေးလေ့ရှိတဲ့ ထိပ်ပြောင်ပြောင် ဦးလေးကြီး ...
သူနဲ့ ခင်ချင်လိုက်တာ ...
မုန့်တွေ အများကြီး လေပန်းရင်းနဲ့ အလကားစားလို့ ရမယ် ထင်တယ် .. ဟီးဟီး
ပန်းသီးတွေ တန်တော့ မြင်ရတာနဲ့တင် စားချင်လာတယ် .
ကျန်တဲ့သူတွေ ခေါ်တာ စိတ်ထဲတစ်မျိုး မဖြစ်ပေမယ့် ကုလားအမျိုးသားကြီးပြောတဲ့ my darling ဆိုတာကြီးကျတော့ တစ်မျိုးကြီးပဲ ...
ကိုယ့်များ ကုလားအမျိုးသမီးကြီးက my darling လို့ လာခေါ်ရင် ဒွတ်ခ .. :)

အင်း ...
ဘာပဲပြောပြော တော်တော် ချစ်ဖို့ ကောင်းတဲ့ အမှတ်ရစရာ မြို့လေးတစ်မြို့ပါပဲ ...

နေဒေးသစ်။

may said...

သိပ်လှတဲ့ ရှုခင်း
သိပ်လှတဲ့ ပန်းခင်းလေး

SDL said...

ထူးထူးဆန်းဆန်း စာအရှည်ကြီးပါလား.....:D

mae said...

ဘဏ်လေး နဲ့ မယ်စင်

မဖတ်တာ သိသာလိုက်တာကွယ်

ကိုလူထွေး said...

ပွင့်အာထွက်လာတာလား၊ ပေါက်ကွဲထွက်လာတာလား... စကားလုံးတွေ က ရိုက်ချက်ပြင်းတယ်...းD

စင်ကာပူမှာ ကြီးခဲ့တာဆိုတော့ မြန်မာပြည်မှာ မနေခဲ့ဖူးဘူးပေါ့...

တနှစ်အတွင်းမှာ အဖေအမေကလည်း လာလည်ပြီးသွားပြီ...

ကန်မယ်ဆို ဘောလုံးတသင်းလည်း ရှိပြီးနေပြီ...

အစစ လိုလေသေးကလည်း မရှိ...

ဒါကိုများ အဲဒီလောက် ညည်းနိုင်သေးတယ်...


းဝ)

Vista said...

လှလိုက်တာမေရယ်....
ခြေဆန့် ခြင်တဲ့လူခြင်းနားလည်ပါတယ်လေ ...
တနေရာရောက်တော့လည်းပိုလှတာတွေ့ အုံးမှာပါ ..
မေ ပျော်ရွင်ပါစေ ..

ကိုလူထွေး said...

ရေးထားတဲ့ စာတွေ ပြန်တင်ပေးပါ mae...

မဟုတ်ရင် "ဘလော့စာပေ စိစစ်ရေး ဥပဒေ" ကြီးနဲ့ ပြန်လာရပါလိမ့်မယ်...

းဝ)

SDL said...

ဟမ်....
ဖတ်တယ်လေ.. ဒီအပုဒ်..
ခါတိုင်းက ဓာတ်ပုံနဲ့ အင်္ဂလိပ်လိုတွေမဟုတ်လား...

KYAW said...

အရမ်းပျော်ဖို့ကောင်းတဲ့ မြို့လေးတစ်မြို့ပါဘဲ ...

မမေလဲ စာရေးတော်တာဘဲ .. :))

အပြုံးပန်း said...

ဒီတခါ တကယ်အရှည်ကြီးလိုပါပဲ။
မေ့ရဲ့ ရင်ဖွင့်သံတွေပေါ့။
အဲဒီမြို့လေးက မေ့ရဲ့ ဓါတ်ပုံတွေနဲ့ စာတွေကြောင့် ရင်းနှီးလာရပြီ၊
ရောက်ဖူးဖို့ကတော့ .....။
ကိုယ့်ကိုပေးထားတဲ့ ပန်းတွေလားဟင်၊ အပေါ်ဆုံးပုံက။

PAUK said...

ကာဂိတ်နားက pubမှာ လိုက်တိုက်ပါ..
ကုလားဆိုင်က အစာတွေဝယ်ပြီး ချက်ကျွေးပါ..
ယိုးဒယားစာလိုလို တရုတ်စာလိုလို..ဂျပန်စာလိုလိုဆိုင်မှာ စားမယ်..
တစ်ခုမေးချင်လို့...

ရုံးသွားရင် ဂျင်းဘောင်းဘီ နဲ့ ကျောပိုးအိတ်နဲ့ (မကိုင်တာ တက္ကသိုလ်စတက်ထဲကပေါ့) စက်ဘီးစီးသွားရတာ အရမ်းပေါ့ပါးတယ်


အဲဒီစာသားထဲက ကွင်းစ ကွင်းပိတ် နဲ့က ဘာကိုပြောချင်တာလဲ..
နားမလည်လို့ပါ...


နောက်ပြီးး..
အောက်ဆုံးပုံလေးကြည့်ပြီး သဘောကျလို့ မေ့ဆီ လာလည်ချင်လိုက်တာ..စိမ်းစိုနေလိုက်တာ..

မင်းအိမ်ဖြူ said...

စာအရှည်ကြီးကွ ဖတ်ရတာခုမှ

အော်သိပြီ ကြော်ငြာထားလို့ထင်တယ် P: နောက်တာနော်

နောက်ထပ်နှစ်နှစ် ပဲလား မြန်မာပြည်မှာ အဲဒီအချိန်ဆို နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်နေပြီတဲ့ P

ပျော်စရာမြို့လေး

ကောင်းတယ် အဲဒီလို နားလည်တဲ့စာလေဆိုတော့ ဖတ်ရတာပေါ့ ဟာဟ

ရေးပါအုံးနောက်ထပ် နောက်ထပ် တွေ

ပျော်ရွှင်ပါစေ

အော် ပန်းသီး ပိုလတ်သလား ဈေးကတော့ တူတူလောက် ပဲ ထင်ပ D:

ဝက်ဝံလေး said...

SDL ပြောတာ ထောက်ခံပါ့ မမမေရယ် မရေးတော့လဲ မရေးဘူး ရေးတော့လဲ စာအရှည်ကြီးပဲ အဟိ အားရပါးရ ဖတ်သွားတယ် ညီမလဲ ဒီရောက်စ ဒီလိုပဲ အခုတော့ နဲနဲနေသားကျပြီ ထင်ပါတယ် မမ လိုတော့ သူငယ်ချင်းတွေ မရသေးဘူးရယ် ကိုယ်က စကားနည်းတာကိုး ဒါကြောင့် မြန်မာလိုသာကျွမ်းတာ အင်္ဂလိပ်လိုက သိပ်မပြောဘူး လိုအပ်တာလောက်ပဲ ပြောတတ်တယ် ဒါကြောင့် ဟိဟိ

ဘိုင် တာ့တာ ဗိုက်ဆာတယ် ထမင်းသွပ်လိုက်ဦးမယ် ဟက်

ဖိုးစိန် said...

သူများတွေ စာ အရှည်ကြီးတဲ့

ပုံပဲတွေ့တယ်

စာလဲမတွေ့ဘူး

မကျေနပ်ဘူး

ပြန်ပီးး

ပန်းတွေလှတယ်...

ညစ်နေတဲ့အချိန်ကြည့်ရတာတောင် စိတ်လန်းတယ်..


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

စာတွေဘယ်မှာလဲ ပြန်တာပါ

ဖိုးစိန် said...

စာကိုခေါက်ထားတာကို

မသိမှ မသိတာ

ခုမှ အားရပါးရဖတ်ရတယ်...

ဒီလိုနေရာတွေဆိုတာ ကျနော်အရမ်းနေချင်ခဲ့တဲ့ နေရာတွေ

စိတ်ကူးယဉ်ခဲ့တဲ့နေရာတွေ

ခုတော့ အဲဒီနေရာတွေနဲ့ ဝေးနေပေမယ့် အဲလိုမြို့ သေးသေးလေးမှာ အခြေချနိုင်မယ်လို့ မျှော်လင့်မိတယ်..


မိုးလင်းရင် costas ကော်ဖီဆိုင်ထိုင်ရင်းပေါ့...း))


ပိုစ့်အရှည်ကြီးရေးလို့ အားရပါးရ ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် မမ မေ


ချင်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ဒီတစ်ခါ စာဖတ်ရတာ အားအရဆုံးပဲး)

Anonymous said...

မြိုံကလေးက သေးသေးလေးနဲ့လှတယ်။
မြို့သေးလေ..လူတွေဖော်ရွှေလေလားမသိဘူးနော်။
ဆန်အိတ်သယ်ဖို့ ဆိုက်ကားဝယ်ထားရင်ရော။
mm

မယ်ကိုး said...

မြို့လေးက ရာသီဥတုကက နည်းနည်းလေးနှောင့်ယှက်တာက လွဲရင် နေချင်စရာကောင်းလိုက်တာ။
လူတွေကလည်း သဘောကောင်း။ ဝန်းကျင်ကလည်း သန့်ရှင်းလှပ။
ဖတ်ရတဲ့သူတောင် ချစ်ခင်မိမှတော့ မမေ ချစ်ကို ချစ်သင့်တဲ့ နေရာလေးပါ။

mae said...

ကိုလူထွေး - ရန်ကုန်မှာ ငယ်ငယ်ကနေဖူးပါတယ်၊ ၁၉၉၂ ထိပါ

ချစ်ပေါက် - ကျောပိုးအိတ် ပြောတာကွယ်၊ စကာင်္ပူမှာဆို ပူတော့ ကျောပိုးအိတ်မသုံးဘူး၊ ဒီမှာက လမ်းလျှောက်တာ စက်ဘီးစီးတာများတော့ ခါးနာမှာစိုးလို့..

မအပြုံးပန်း - ဟုတ်တယ် မ၊ ဒီပုံက အနော့်အတွက်၊ အဲ့ပုံက မ အတွက် .. နှစ်ပုံရိုက်တာ

ကိုမင်းအိမ် - ဈေးတူလို့လား? စကာင်္ပူမှာ ပန်းသီးအကြီးကို ၂၃ ပြားနဲ့ မရပါဘူး.. လတ်တာတော့ ဒီမှာ ခုခူး ခုရောင်းတာလေ၊ စင်္ကာပူမှာလို နိုင်ငံခြားက တင်ရတာ မဟုတ်ပဲရယ်

လာလယ်ကြပါ၊ နောက်တစ်နှစ်တော့ ရှိဦးမယ် ဒီမှာ.. တကယ် :)

myo said...

စိတ်ရှည်လက်ရှည်ကို ရေးထားတာပဲ..
ဖတ်လို့ကောင်းတယ် စိတ်ချမ်းသာစရာလေး..