Wednesday, 15 April 2020

မှတ်တမ်း

ဘဝမှာ ကိုယ်ပိုင်ဆိုင်တယ်လို့ တထစ်ချပြောလို့ရတဲ့ အမှတ်တရတွေဟာ စင်၂ဆင့်စာသာသာ.. 

လွန်ခဲ့တဲ့ ၁၀နှစ် Scarborough ဆိုတဲ့ ကဗျာဆန်ဆန်ခပ်နုပ်နုပ်ကမ်းခြေမြို့လေးမှာ ခရုဗူးလေးကို ဝယ်ခဲ့တုန်းက ကိုယ်ဟာ ကိုယ့်လိုပဲကမ္ဘာလောကကိုမျက်လုံးအဝိုင်းသားနဲ့လိုက်ခံစားတတ်မယ့် သမီးလေးတယောက်ကို စိတ်ကူးယဉ်ခဲ့ဖူးလေရဲ့.. အဲ့ထဲမယ် ထဲ့သိမ်းထားတဲ့ မြန်မာပြေမြောက်ဖျားက ကျောက်စရစ်တုံးလေး၂တုံးကတော့ ကလေးဘယ်တော့မှမယူကြဘူးလို့ သဘောတူညီမှုရခဲ့တဲ့ လူတယောက်ဆီက.. 

လန်ဒန်သူခိုးဈေးက Beer Money ဆိုတဲ့ စုဗူးရဲ့ အပေါ်က ကိုယ့်နာမည်နဲ့ ဗူးသေးသေးလေးကတော့ တက္ကသိုလ်တုန်းက ပိုးကြေးပန်းကြေး... အရေးမကြီးပေမယ့် နာမည်ထိုးထားတာမို့ ဘယ်သူ့မှပေးမပစ်မိခဲ့.. ယုန်ကလေးက ကိုယ့်ဘော်ဒါတယောက်တခုတ်တရဝယ်လာပေးတဲ့ နီပေါက အဆောင်လက်ဖွဲ့တဲ့ .. ဆင်လေးက ကိုယ့်ရဲ့ အေးအတူပူအမျှ ဗရုတ်သုက္ခလေးနှစ်ကောင်နဲ့ ခေါနူးစုမ်ကို အပျော်တွေအလွဲတွေများစွာနဲ့တက်ပီးအပြန် ပုဂံဝင်လည်ကြတုန်းက... နောက်ကဗူးလေးက အဲ့ဒါပီးနောက်တလ နေမကောင်းနေရက် တယောက်ထဲဗီယက်နမ်သွားပီး fansipan ကို ဇွတ်တက်ခဲ့တုန်းက.. ဇီးကွက်စုဗူးက တချို့လူတွေဟာ(ကိုယ်နဲ့အနီးဆုံးဆိုပေမယ့်)ကြောက်စရာလို့စမြင်လာကာစ ဒဏ်ရာတွေတလှေကြီးနဲ့ ပုန်ကန်ချင်စိတ်အပြည့်နဲ့ ဘဝရဲ့ပထမဆုံးတက်တူးကို သွားထိုးခဲ့တုန်းက.. ဝက်ကလေးကတော့ las vegas မှာ နေပူပူလူဆူဆူထဲ ရုံးဝတ်စုံအပြည့်နဲ့ မသွားမဖြစ်တဲ့ conference တခုကို စိတ်ရှုပ်စွာနဲ့ တက်ခဲ့ရတဲ့ရက်တွေဆီက...

ပုဂံက ယွန်းဗူးထဲ မေမေငယ်တုန်းက ကိုယ်ငယ်တုန်းက ပုံတချို့ရှိတယ်... တက္ကသိုလ်ဒုတိယနှစ် နွေရာသီကျောင်းပိတ်ရက်အလုပ်ဝင်လုပ်တုန်း ဘာကြောင့်မှန်းမသိရိုက်မိတဲ့ပုံအထပ်လိုက်ထဲက လူတွေဟာအစအနပျောက်နေခဲ့တာကြာပီ.. 

စာအုပ်စင်၂စင်ရှိရဲ့သားနဲ့ ကုတင်ဘေးတကူးတကထားတဲ့ ကိုယ်အိမ်ပြောင်းသမျပါတဲ့ ဘယ်သူ့မှမငှားဖူးတဲ့ ကဗျာစာအုပ်နှစ်အုပ်ဟာလဲ အနှစ်၂၀နီးပါးရှိရော့မယ်... ကျန်တာကတော့ မကြာသေးတဲ့နှစ်ပိုင်းလပိုင်းတွေကမှ တခုတ်တရသိမ်းထားခဲ့တာတွေ.. နှစ်အုပ်ထပ်နေတာက တအုပ်ကဖတ်ပီး တအုပ်က သိမ်းဖို့.. 

ကဒ်ထူဗူးအနီထဲမှာ မနေ့ကမှရထားတဲ့ တဦးတည်းသောမောင်လေးနဲ့ ယောင်းမလေးဆီက thank you card လေးရှိတယ်.. တခြားလက်ဆောင်တွေပါပေမယ့် ကိုယ်တန်ဖိုးအထားဆုံးက မမြင်ရတာ ဆယ်နှစ်မကတော့တဲ့ သူ့လက်ရေးစောင်းစောင်းလေးတွေ... ပြီးတော့ "May, The Best sis-in-law" လို့ စာတန်းထိုးထားတဲ့ ညအိပ်အင်္ကျီလေး.. 

ပန်းချီကားအတုလေးက Van Gogh museum ကို သူငယ်ချင်းမသုံးယောက်နဲ့သွားခဲ့စဉ်က.. ဆေးခြောက်ဆိုင်တွေ အရက်ဆိုင်တွေသွားရင်ညီသလောက် ပြတိုက်ကျ စိတ်မဝင်စားကြဘူးတဲ့.. ကိုယ်ကညာစစ်ပီး တပုံချင်းအသေအချာလိုက်ကြည့်နေတာကိုကျ ကော်ဖီဆိုင်က ထိုင်စောင့်နေခဲ့ကြ.. 

.
.

ကိုယ်သေသွားတဲ့အခါ ကျန်ရစ်သူတွေဟာ ဒီအပိုင်းအစတွေကို ဘယ်လိုမြင်ကြမလဲ? 

အရေးမကြီးပါဘူးလေ.. အဲ့ကျဒါတွေဟာ ကိုယ်နဲ့ဆိုင်တော့မှာမှမဟုတ်ပဲ..